Monday, April 27, 2009

အခြေခံကွန်ပြူတာသင်တန်းအပါတ်စဉ် (၁/၂၀၀၉)၏ သင်တန်းအစီရင်ခံစာ

၁။ လောကမီးအိမ်စာကြည့်တိုက်(ဟုန်ဖိုင်)တွင် အခြေခံကွန်ပြူတာသင်တန်း(၁/၂၀၀၉)အား ၂၀၀၉ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့မှ ဧပြီလ (၁၂)နေ့အထိ ဖွင့်လှစ်ခဲ့သည်။

၂။ သင်တန်းသား (၂၃)ဦး တတ်ရောက်ခဲ့ကြပြီး သင်တန်းသားများသည် ထိုင်းနိုင်ငံအတွင်း လာရောက်၍အလုပ်၊လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် အလုပ်သမားများ၏သားသမီးများဖြစ်ကြသည်။

၃။ သင်တန်းသားများ၏အလုပ်ချိန်အားလပ်မှုနှင့်သင်တန်းအထောက်အကူပြု ပစ္စည်း(ကွန်ပြူတာ)အရေအတွက်အားချင့်၍ သင်တန်းချိန်အား ၂-ချိန်ခွဲ၍ သင်ကြားပို့ချခဲ့ရသည်။

၎။ သင်ကြားပို့ချချိန်မှာ တစ်ပါတ်လျှင် (၃)နာရီဖြစ်သည်။

၅။ သင်တန်းသား (၂၃)ဦးရှိသည့်အနက် သင်တန်းသား (၄)ဦးသည် စက်ရုံပြောင်းရွှေ့ရမှုများကြောင့် သင်တန်းအားပြီးဆုံးသည်အထိ မတတ်ရောက်နိုင်ခဲ့ကြပါ။ သို့ဖြစ်၍ သင်တန်းပြီးဆုံးသည်အထိ တတ်ရောက်သင်ကြားနိုင်ခဲ့ကြသည့် သင်တန်းသားဦးရေမှာ (၁၉) ဦးဖြစ်သည်။

၆။ သင်တန်း၌…
(၁) Microsoft Window XP
(2) Microsoft Office Word တို့အား ပို့ချသင်ကြားခဲ့သည်။

၇။ သင်တန်းသားတစ်ဦးလျှင် သင်တန်းကြေးအဖြစ် တစ်လလျှင် (၇၀)ဘတ်အား ပေးသွင်းကြရသည်။

၈။ သင်တန်း၏ ဘဏ္ဍာရေးအစီရင်ခံစာအားအောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
၈(က)။ ဇန်န၀ါရီလ

ဝင်ငွေ
လောကမီးအိမ်စာကြည့်တိုက်အသင်းသားများထံမှ ရရှိသည့် အသင်းဝင်ကြေးမှ
-အသင်းသား -၅၀ ယောက် မှ ၁၀၀၀ - ဘတ်
(အသင်းသားတစ်ဦးလျှင် လစဉ်အသင်းဝင်ကြေး ၂၀-ဘတ်ပေးသွင်းကြရသည်။)
- ကွန်ပြူတာသင်တန်းသား ၂၃-ဦးမှ သင်တန်းကြေး ၁၆၁၀-ဘတ်
(သင်တန်းသားတစ်ဦးလျှင် လစဉ်သင်တန်းကြေး ၇၀-ဘတ်ပေးသွင်းကြရသည်)
ဇန်န၀ါရီလ စုစုပေါင်း ၀င်ငွေ … ၂၆၁၀-ဘတ်

ကုန်ကျငွေ
- ကွန်ပြူတာသင်တန်းဖွင့်ပွဲအခမ်းအနားကုန်ကျစရိတ် …….. .. ၂၇၅ ဘတ်
- သင်ကြားမှုအထောက်အကူပြုပစ္စည်းများဝယ်ယူစရိတ် ……… ၂၂၅ဘတ်
- (စာအုပ်၊ ဘော်ပင်၊ ကီးဘုတ်လက်ကွက်)
- သင်တန်းအတွက်လိုအပ်သည့် ပစ္စည်းများဝယ်ယူသည့်စရိတ် ……၂၉၉ဘတ်
( ရေသန့်ဘူးကြီး၊ ရေခဲဘူး)
- သင်းတန်းကျင်းပသည့်လောကမီးအိမ်စာကြည့်တိုက်၏အခန်းခ…… ၁၅၀၀ဘတ်
- မီတာခ …… ၁၅၀ဘတ်
- အခြား
(သောက်ရေသန့်၊ တံမြတ်စီး၊ အသင်းသားမှတ်ပုံတင်ကဒ် ကော်ပီ)…… ၈၀ဘတ်
ဇန်န၀ါရီလ စုစုပေါင်း ကုန်ကျငွေ …………………………………. ၂၅၂၉ ဘတ်
ဇန်န၀ါရီလ လက်ကျန်ငွေ …………………………………….. ၈၁ ဘတ်

၈(ခ)။ ဖေဖော်ဝါရီလ
ဝင်ငွေ
ဇန်န၀ါရီလ လက်ကျန်ငွေ ……….. ၈၁ ဘတ်
လောကမီးအိမ်စာကြည့်တိုက်အသင်းသားများထံမှ ရရှိသည့် အသင်းဝင်ကြေးမှ

-အသင်းသား -၅၂ ယောက် မှ ၁၀၄၀ - ဘတ်
(အသင်းသားတစ်ဦးလျှင် လစဉ်အသင်းဝင်ကြေး ၂၀-ဘတ်ပေးသွင်းကြရသည်။)
- ကွန်ပြူတာသင်တန်းသား ၁၉-ဦးမှ သင်တန်းကြေး ၁၃၃၀-ဘတ်
(သင်တန်းသားတစ်ဦးလျှင် လစဉ်သင်တန်းကြေး ၇၀-ဘတ်ပေးသွင်းကြရသည်)
- ကိုအောင်ဆန်းညွှန့်( နော်ဝေး)မှသင်တန်းသို့လှူငွေ ၂၀၀၀ဘတ်
ဖေဖော်ဝါရီလ စုစုပေါင်း ၀င်ငွေ …………………..၄၄၅၁-ဘတ်

ကုန်ကျငွေ
- သင်တန်းအတွက်လိုအပ်သည့် ပစ္စည်းများဝယ်ယူသည့်စရိတ်
( မီးကြိုးခွေ) ……၆၉ ဘတ်

- သင်းတန်းကျင်းပသည့်လောကမီးအိမ်စာကြည့်တိုက်၏အခန်းခ…… ၁၅၀၀ ဘတ်
-
- မီတာခ …… ၁၇၀ဘတ်
- အခြား ……၁၀၀ဘတ်
(သောက်ရေသန့်၊ ရေခဲ၊ အချိုရည်)
- အင်တာနက်လိုင်းကြေး ……၇၄၇ ဘတ်
ဖေဖော်ဝါရီလ စုစုပေါင်းကုန်ကျငွေ …..၂၆၈၆ဘတ်
ဖေဖော်ဝါရီလ လက်ကျန်ငွေ …..၁၇၆၅ဘတ်

၈(ဂ)။ မတ်လ
ဝင်ငွေ
ဖေဖော်ဝါရီလ လက်ကျန်ငွေ ၁၇၆၅ ဘတ်
လောကမီးအိမ်စာကြည့်တိုက်အသင်းသားများထံမှ ရရှိသည့်
အသင်းဝင်ကြေးမှ-အသင်းသား -၅၁ ယောက် မှ ၁၀၂၀ - ဘတ်
(အသင်းသားတစ်ဦးလျှင် လစဉ်အသင်းဝင်ကြေး ၂၀-ဘတ်ပေး
သွင်းကြရသည်။)
- ကွန်ပြူတာသင်တန်းသား ၁၉-ဦးမှ သင်တန်းကြေး ၁၃၃၀-ဘတ်
(သင်တန်းသားတစ်ဦးလျှင် လစဉ်သင်တန်းကြေး ၇၀-ဘတ်ပေးသွင်းကြရသည်)
မတ်လ စုစုပေါင်း ၀င်ငွေ ………………….. ၄၁၁၅-ဘတ်

ကုန်ကျငွေ
- အင်တာနက်လိုင်းကြေး …… ၇၄၇ ဘတ်
- အင်တာနက်အသုံးအဆောင်ပစ္စည်းဝယ်
(၁) နက်ဝက်ဒ်ကဒ် ………၁၉၅ ဘတ်
(၂) ၀က်ဒ် ကင်မရာ ………၄၉၀ ဘတ်
(၃) မိုက်ကရိုဖုန်း …….. ၁၅၀ ဘတ်
(၄) နက်ဝက်ဒ်ကြိုး ……. ၉၀ ဘတ်
- ကွန်ပြူတာသင်တန်းဆင်းပွဲအခမ်းအနားကုန်ကျစရိတ် …….. .. ၃၅၀ ဘတ်
- သင်ကြားမှုအထောက်အကူပြုပစ္စည်းများဝယ်ယူစရိတ် ……… ၂၅၅ဘတ်
(ဆရာလက်ဆောင်၊ ဆု၊ မေးခွန်ကော်ပီ၊ သင်တန်းဆင်လက်
မှတ်ကော်ပီ၊ )
- သင်းတန်းကျင်းပသည့်လောကမီးအိမ်စာကြည့်တိုက်၏အခန်းလခ… ၁၅၀၀ဘတ်
- မီတာခ …၁၈၅ ဘတ်
- အခြား
(သောက်ရေသန့်၊ ရေခဲ၊ အသင်းသားမှတ်ပုံတင်ကဒ် ကော်ပီ) …၁၀၀ဘတ်
မတ်လ စုစုပေါင်း ကုန်ကျငွေ ၄၀၆၂ ဘတ်
လက်ကျန်ငွေ ၅၃ ဘတ်

လောကမီးအိမ်စာကြည့်တိုက်(ဟုန်ဖိုင်)

Read more...

Friday, April 24, 2009

အခြေခံကွန်ပြူတာသင်တန်း အောင်မြင်စွာ ပြီးဆုံး၊ သင်တန်းဆင်းပွဲအခမ်းအနားအား လောကမီးအိမ်စာကြည့်တိုက်တွင် ကျင်းပ







လောကမီးအိမ်စာကြည့်တိုက်မှ ဖွင့်လှစ်သည့် အခြေခံကွန်ပြူတာသင်တန်းအပါတ်စဉ် (၁/၂၀၀၉) သင်တန်းဆင်းပွဲအခမ်းအနားအား ယခုလ ၁၂-ရက်နေ့တွင် လောကမီးအိမ်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းကာလမှာ ၃-လဖြစ်ပြီး Microsoft Window XP နှင့် Microsoft Office Word ဘာသာရပ်များအား သင်ကြားပို့ချခဲ့သည်။

အောင်မြင်စွာတတ်ရောက်ခဲ့ကြသည့် သင်တန်းသားစုစုပေါင်းမှာ (၁၉)ယောက်ရှိပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့၌ လာ၍အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအလုပ်သမားများဖြစ်ကြသည်။

၂၀၀၉ ခုနှစ်၊ ဧပြီ (၁၂) ရက်။

Read more...

Sunday, April 5, 2009

နွေရာသီ လူငယ်သင်တန်းဖွင့်

နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံကွန်ပြူတာသင်တန်းတစ်ခုအား လောကမီးအိမ်စာကြည့်တိုက်(ဟုန်ဖိုင်) တွင် ၂၀၀၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့သည်။

သင်တန်းကာလမှာ ၂ လဖြစ်ပြီး အခြေခံ ကွန်ပြူတာဘာသာရပ်များအား သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

သင်တန်းသားများမှာ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်ရှိသည့် လူငယ်များဖြစ်ကြသည်။


အသက်အရွယ်နှင့် ဉာဏ်ရည်အားလိုက်၍ Class အား နှစ်ခုခွဲပြီး သင်ကြားပို့ချသွားမည်ဖြစ်သည်။


သင်တန်းသားများသည် ထိုင်းပညာရေးကျောင်း၊ ဆာသူးလေ အထက်တန်းကျောင်းနှင့် မြန်မာပြည်တွင်းရှိ အလယ်တန်းကျောင်းများ၌ ပညာသင်ကြားနေကြသည့် သူများဖြစ်သည်။




Read more...

Thursday, March 5, 2009

ဆရာကြီး မင်းသုဝဏ်၏ စာပေဝေဖန်ရေး နည်းနာများ

(ဆရာကြီးမင်းသုဝဏ် အသက် ၁၀၀ ပြည့် အမှတ်တရ ဂုဏ်ပြုဆောင်းပါး)


(က)

ခေတ်စမ်းစာဆိုကြီး “မင်းသုဝဏ်”ကို ကဗျာဆရာ၊ ၀တ္ထုရေးဆရာ၊ ဘာသာဗေဒ ဆရာတဦးအနေ နှင့် ကျနော်သိပါသည်။ သို့သော် စာပေဝေဖန်ရေးဆရာတဦးအနေနှင့် မူကျနော်မသိ။

၂၀၀၉ ခု ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ကျရောက်မည့် ဆရာကြီးမင်းသုဝဏ်၏ မွေးနေ့ ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးတပုဒ် ရေးရန် စဉ်းစားသောအခါ ကိုယ်ဖတ်ပြီးခဲ့သမျှ ဆရာကြီး၏စာအုပ်များကို ပြန် ပြီး စဉ်းစားရပါသည်။ ပြီးတော့ကိုယ် မဖတ်ရသေးသည့် ဆရာကြီး၏စာအုပ်များကိုလည်း လက်လှမ်းမီရာ ရှာဖွေပြီး ဖတ်ရပါသည်။ ထိုအခါ ဆရာကြီးမင်းသုဝဏ်၏ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်ကို ကျနော် တွေ့ရ ဖတ်ရ၏။ ထိုအခါကြမှသာ ဆရာကြီး မင်းသုဝဏ်မှာ စာပေဝေဖန်ရေးဆရာ တဦးလည်းဖြစ်သည်ကို ကျနော်သိရ၏။ ကျေနပ်ဂုဏ်ယူမိပါသည်။

အမှန်တကယ်အားဖြင့်ဆိုလျင် ဆရာကြီး မင်းသုဝဏ်၏ မွေးနေ့ရာပြည့်ဂုဏ်ပြု ဆောင်းပါးရေးရန် ရေးစရာ အကြောင်းအရာများ တပုံတပင်ကြီးရှိပါသည်။ သို့သော် ကျနော်က တခါတရံ စာအုပ်ဝေဖန်ရေး ဆောင်းပါး များရေးရန် စိတ်အားထက်သန်သူဖြစ်သဖြင့် ဆရာကြီး၏ စာအုပ်ဝေဖန်ရေးစာအုပ်ကိုတွေ့သည် ဆိုလျင်ပဲ၊ ဤစာအုပ်ကိုပင် ဝေဖန်စာရေးပြီး ဆရာကြီးအားဂုဏ်ပြုပူဇော်ရန် ဆုံးဖြတ်ခဲ့ရ၏။

ကျနော်က စာအုပ်ဝေဖန်ချက်များရေးလျင် “ဖတ်ညွှန်းလည်း မက၊ ဝေဖန်ရေးလည်းမကျ”သည့်နည်းကို နှစ် သက်ပါသည်။ သို့မှသာကိုယ့်ဝန်ကိုယ့်အားနှင့်လည်းမျှပြီး မူရင်းစာအုပ်၏ အာဘော်ကိုလည်းမထိခိုက်စေဘူး ဟုယူဆမိ၏။ စာအုပ်များကိုဖတ်ကာ တခြားစာဖတ်သူများကို ဗဟုသုတနှင့်ရသ တဆင့်မျှဝေလိုသည့် ဆန္ဒ၊ စာအုပ်အပေါ်မိမိ၏ ပုဂ္ဂလိကအမြင်အယူအဆကိုလည်းတင်ပြလိုသည့်ဆန္ဒရှိသည့်အတွက် စာအုပ် ဝေဖန် ရေးများကိုရေးခြင်းဖြစ်ပါသည်။ ထို့ကြောင့်ဆရာကြီး မင်းသုဝဏ်၏ စာအုပ်ဝေဖန်ရေးနည်းနာများကို စိတ်ဝင် စားမိ၏။

သည်နေရာတွင် စာအုပ်ဝေဖန်ရေးဆရာတချို့မှာ၊ မိမိကျွမ်းဝင်နှံ့စပ်ရာနယ်ပယ်ကို အခြေခံသည့် စာအုပ်များ ကိုသာ ဇောင်းပေးပြီးရွေးချယ်ရေးသားကြသည်ကိုတွေ့ဖူး၏။ ဆရာကြီး မင်းသုဝဏ်သည် မည်သည့် စာအုပ် များကိုရွေးချယ် ဝေဖန်ခဲ့သနည်း။ ဆရာကြီးမင်းသုဝဏ်၏ စာအုပ်ဝေဖန်ရေးနည်းနာမှာ အဘယ်နည်း။ ကျနော်တို့ အလေးအနက်ထားလေ့လာရန် လိုအပ်ပါလိမ့်မည်။

(ခ)

ဆရာကြီး မင်းသုဝဏ်၏ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်ဆောင်းပါးစဉ်(၁)မှာ “လွတ်လပ်ရေး၏ ရဲဘော်”ဖြစ်၏။ ဤခေါင်းစဉ်၏အောက်ကဆောင်းပါးကိုဖတ်တော့ ဆောင်းပါးအစမှအဆုံး နိုင်ငံရေး စကား လုံးနှင့်နိုင်ငံရေးကိစ္စတခုမျှမတွေ့ရ။ ဆရာကြီးက ဤဆောင်းပါးတွင်“သိပ္ပံမောင်ဝ”၏ “ခေတ်စမ်းစာပေ အထွေထွေ” စာအုပ်ကို ဝေဖန်ထားခြင်းဖြစ်၏။ ၁၉၃၀ ခုနှစ်ဝန်းကျင် မြန်မာပညာတတ်လူငယ်တစုနှင့် ရန်ကုန်တက္ကသိုလ်အတွင်း အပြင်စာပေပညာရှင်များ၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမူများကို ဖေါ်ပြ ထားသည့် စာအုပ်ဖြစ်၏။ ထို့ကြောင့်ဆရာကြီး မင်းသုဝဏ်၏ ဝေဖန်စာထဲတွင် စာပေကိစ္စမှအပ တခြားနိုင်ငံ ရေးကိစ္စများလုံးဝမပါပါ။ သို့သော် စာဖတ်သူက အလိုလိုမပြောဘဲနှင့်သိလာရသည့်အချက်မှာ ကိုလိုနီခေတ် နှောင်းပိုင်း လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲစဉ်ကြီးတခုလုံး၏ အခက်အလက်တခုမှာ မြန်မာစာပေ လွတ်လပ် စွာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုဖြစ်သည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် စာပေဆောင်းပါး သက်သက်ဖြစ်သည့်တိုင် ဆရာကြီး မင်းသုဝဏ်က နိုင်ငံရေးခေါင်းစဉ်တခုကို ကောက်ပြီးတပ်ခဲ့၏။

စာအုပ်ဝေဖန်ရေးဆောင်းပါးရေးရန်စိတ်ထက်သန်နေခဲ့သည့် ကျနော့်အတွက် ဆရာကြီး မင်းသုဝဏ် ၏ ဆောင်းပါးခေါင်းစဉ်တပ်ပုံကို တွေ့ပြီးကျေနပ်အားတက်ရ၏။ ဤသို့ခေါင်းစဉ်တပ်ပုံမှာ ဝေဖန်သူ၏ဆန္ဒကို ဖေါ်ပြရာရောက်ပြီး စာအုပ်၏အာဘော်ကိုလည်း ကိုယ်စားပြု နိုင်သည်ဟု ကျနော် ယူဆမိ၏။

ဤဆောင်းပါးတွင် အဓိကအားဖြင့် ၁၉၃၀ ခုနှစ်ဝန်းကျင်က ခေတ်စမ်းစာပေလှုပ်ရှားမှုအကြောင်း မီးမောင်း ထိုးပြ၏။ ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူများ၊ ဦးဆောင်ခဲ့ပုံများ၊ ခေတ်စမ်းစာပေ၏ ရည်ရွယ် ချက်၊ ခေတ်စမ်းစာပေ၏ စာပေသဘောတရားနှင့်နည်းနာများ အစရှိသဖြင့် ခေတ်စမ်းစာပေ၏ ဒု နှင့် ဇောက် ကို အကျဉ်းချုံးပြီးရေး၏။ “ခေတ်စမ်းစာပေ”ဘာ့ကြောင့်ပေါ်ပေါက်ခဲ့ရသနည်း။ ခေတ်စမ်းစာပေသည် မည်ကဲ့ သို့ ရုန်းကန်လှုပ်ရှားတည်ဆောက်ခဲ့ရသနည်း။ ထိုခေတ်ကလူတချို့က ခေတ်စမ်းစာပေအပေါ်သဘောထား ဘယ်လိုရှိခဲ့သနည်း အစရှိသည့် “ ခေတ်စမ်းစာပေ လှုပ်ရှားမှု” ရင်ဆိုင်ခဲ့ရသည့် စိမ်ခေါ်ချက်များကိုဆရာကြီး မင်းသုဝဏ်က ကောက်နုတ်ရွေးချယ်ပြီးမီးမောင်းထိုးပြလေသည်။

မာတိကာကိုဖတ်ရင်းက ဆောင်းပါးတချို့ကိုကျော်ကာ “ကွဲပြားသည့်အထဲက တူညီချက်” ဆောင်းပါးကို ကျနော်ဖတ်မိသည်။ ကျနော်ယုံကြည်စိတ်ဝင်စားသည့် “ဗဟုဝါဒ” အယူအဆနှင့်ကိုက်ညီနေသောကြောင့် ဖြစ် ၏။ ဆောင်းပါးကိုဖတ်ကြည့်တော့ ပိုပြီးကျေနပ်ရပြန်သည်။ ဆရာကြီး မင်းသုဝဏ်က စာရေးသူ တချို့ စုပေါင်းရေးသားထုတ်ဝေသည့် “ရခိုင်ညွှန့်ဖူး” စာအုပ်ကိုဝေဖန်ထားခြင်းဖြစ်၏။

မြန်မာစကားဖြစ်သော်လည်း နေရာဒေသကွဲသည့်အခါ အဓိပ္ပာယ်မကွဲသည့်တိုင် အသံထွက်များကွဲပြားသွား သည်ကို ဆရာကြီးက ထောက်ပြပြီး နေရာဒေသ၊ လူမျိုး၊ မတူကွဲပြားခြားနားမှုမှာ ပကတိကိစ္စဖြစ်သဖြင့် အသိ အမှတ်ပြုရမည်ဖြစ်ကြောင်း၊ သို့သော် ယင်းမတူကွဲပြားခြားနားခြင်းထဲက တူညီချက်ကို ရအောင်ရှာပြီး ဘုံနှစ်ဦးနှစ်ဘက်အကျိုးရှိစေသည့်နည်းကိုရှာကြရမှာဖြစ်ကြောင်းထောက်ပြ၏။ ကျနော်အကြီးအကျယ် တုန် လှုပ်မိမတတ်အံ့သြသွားရ၏၊ ဆရာကြီးမင်းသုဝဏ်သည် စာအုပ်ဝေဖန်ရေးဆောင်းပါးကိုရေးနေသည်မှ ဟုတ် ပါလေစ။မြန်မာပြည်စာပေလောကတွင်“ဗဟုဝါဒ”ကို အစောဆုံး ပြောသူမှာ“ဒဂုန်တာရာ” ဟု ယူဆရ၏။ ဆရာကြီး မင်းသုဝဏ်က ဗဟုဝါဒ သဘောဆန်သည့်အယူအဆကို ၁၉၇၀ ခုနှစ်ကတည်းကပင်ပြောခဲ့ သလို ဖြစ်၏။ စာပေကိစ္စပြောသည့်တိုင် ဤအယူအဆမှာ ကျယ်ပြန့်နက်ရှိုင်းသိမ်မွေ့လွန်းနေ၏။

ကျနော်က ငယ်ရွယ်သူလူငယ်စာဖတ်သူတဦးအား ဆရာကြီး မင်းသုဝဏ်၏ “မြန်မာစာအုပ် ဝေဖန်ချက်များ” စာအုပ်ကိုပေးဖတ်မိသေးသည်။ ပြီးတော့ဆရာကြီး၏ ဝေဖန်နည်း တချို့ကိုရှင်းပြသည်။

ထိုအခါ ယင်းစာဖတ်သူလူငယ်က ကျနော့်အား စောဒကတက်၏။ ဆရာကြီးသည် စာအုပ်များ၏အားသာ ချက်များကိုသာ မီးမောင်းထိုးပြပြီး အားနည်းချက်များကိုမူထောက်ပြရန် ပျက်ကွက်နေသည်ဟု ထင်ကြောင်း ပြော၏။ ကျနော်က အပြုံးနှင့်သာနားထောင်နေခဲ့သည်။

ဆရာကြီး မင်းသုဝဏ်သည် စာအုပ်၏အားနည်းချက်များကို ထောက်ပြရန် ၀န်မလေးခဲ့၊ မပျက်ကွက်ခဲ့ပါ။ စာအုပ်၏အားနည်းချက်များ ကိုထောက်ပြသည့်အခါ စာအုပ်တအုပ်တွင် မလွဲမသွေပါရှိအပ်သည့် စာမျက်နှာ တပ်ပုံ၊ ထုတ်ဝေမှတ်တမ်းထည့်ရန် ပျက်ကွက်ပုံများကအစ စာရေးသူ၏ အကောက်အယူအတိမ်းအစောင်း အထိထောက်ပြ၏။ ဥပမာ ဒဂုန်ပဦးဘတင်၏ “ကျွန်ပ်နှင့်မြန်မာရုပ်ရှင်လောက”စာအုပ်ကိုဝေဖန်ရာတွင် “အမှာနှင့်နိဒါန်းပါသောစာမျက်နှာတို့ကို ဂဏန်းထိုးမထားသည်မှာ သမိုင်းဆရာများအဖို့ ထုတ်ဆောင် ကိုးကား ဖေါ်ပြရန် ပြဿနာတရပ် ဖြစ်ပေလိမ့်မည်”ဟု ထောက်ပြခဲ့၏။ တဖန်စာရေးသူတို့၏ စာရေးပုံ ရေးနည်း မှားယွင်းသည့်အတွက်ကိုလည်းထောက်ပြဝေဖန်သည်လည်းရှိ၏။ ဥပမာ မှူးတင်၏ “ယနေ့သိပ္ပံ” စာအုပ်ကိုဝေဖန်ရာတွင် စာရေးနည်း၊ ၀ါကျဖွဲ့ပုံဖွဲ့နည်း မှားယွင်းသည့်အတွက် အဓိပ္ပာယ်နှစ်ခွထွက်ခြင်း များ ကို ထောက်ပြရာ၌ “နေနှင့်တကွသောဂြိုဟ်ကိုးလုံး ဆိုရာတွင် နေကတခြားလား၊ ဂြိုဟ်ကိုးလုံးက တခြား လား။ နေသည်ဂြိုဟ်ကိုးလုံးတွင် အပါအ၀င်လား၊ ကွဲပြားအောင်ရေးသားသင့်သည် ထင်ပါသည်”ဟု ထောက် ပြခဲ့၏။ တဖန်စာရေးသူတို့၏အကောက်အယူအမှားကိုလည်း ဝေဖန်ထောက်ပြခဲ့၏။

ဥပမာ ဆရာတိုက်စိုးနှင့် မင်းယုဝေတို့ပြုစုသော “မြန်မာစာမိတ်ဖွဲ့” စာအုပ်ကို ဝေဖန်ရာ၌ “သို့သော်လည်း သဒ္ဒါနှင့် သဒ္ဓါကို ဆရာများအသံကစားကာ ရေးထားလေသလားဟု ထင်စရာဖြစ်သည့်သာဓကကိုကား တွေ့ မိပါသည်။ ထို့ပြင်တခါတခါ စကားပြေကောင်းအောင် ဂရုစိုက်လွန်း၍ အတွေးနောက်ကိုမပါ ဟန်နောက်ကို ပါပါသွားလေသလားဟုလည်း မေးခွန်းထုတ်ချင်မိပါသတည်း”ဟု ထောက်ပြခဲ့၏။

စာရေးပုံရေးနည်းကိုသာဂရုစိုက်လွန်းသဖြင့် အကြောင်းအရာဖက်တွင်ပွန်းတီးသည်ကို ထောက်ပြထားခြင်း ဖြစ်၏။ သို့သော်ဆရာကြီး မင်းသုဏ်ဝဏ်၏ ထောက်ပြဝေဖန်ပုံအသုံအနှုန်းနှင့် ဝေဖန်ပုံဝေဖန်နည်းမှာ ဝေဖန် ထောက်ပြလို့ထောက်ပြမှန်း မသိနိုင်လောက်အောင် နူးညံ့သိမ်မွေ့လွန်း၏။ ယဉ်ကျေးလှပလွန်း၏။ မေတ္တာ ဖြင့် ထောက်ပြခြင်းသာဖြစ်၏။ ထိုအချက်များကို ကျနော်က ပြောပြသည့်အခါ စာချစ်သူလူငယ်သည် လက်ခံ သဘောပေါက်သွားရ၏။

ဆရာကြီး မင်းသုဝဏ်သည်“မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်တွင်နောက်ခံ နယ်ပယ် အမျိုးမျိုးရှိသည့် စာအုပ်များကို ဝေဖန်ခဲ့၏။ ဥပမာ“သိပံ္ပပညာအံ့သြဖွယ်”ဆောင်းပါး၊“မြန်မာ့ပန်းချီဖြစ်စဉ်သမိုင်း”ဆောင်းပါး၊ “ထုပ် ယောက် ဒိုင်း မြား” ဆောင်းပါး၊“မှတ်ဥာဏ်ကောင်းချင်သလား”ဆောင်းပါး၊“နို့မယ်ဝေးမ၀ါ လွမ်းစလေး” အစရှိသော ဆောင်းပါးများမှာ ဘာသာရပ်မျိုးစုံနောက်ခံရှိသည့် စာအုပ်များကို ဝေဖန်ထားသည့် ဆောင်းပါး များဖြစ်၏။ တိုင်းရင်းသားဓလေ့ထုံးစံ၊ ဗိသုကာပညာ၊ တက်ကျမ်း၊ ဥရောပယဉ်ကျေးမှု၊ ပန်းချီ အနုပညာကိစ္စ၊ နယ်ပယ်ပေါင်းစုံ၏။ သုတ၊ ရသစုံ၏။

(ဂ)

ဆရာကြီး မင်းသုဝဏ်သည် ၁၉၇၀ ခုနှစ်ဝန်းကျင်ကထုတ်ဝေခဲ့သည့် “ဒို့ကျောင်းသားစာစောင်”တွင် စာအုပ် ဝေဖန်ရေးဆောင်းပါးများရေးခဲ့၏။ “မင်္ဂလာ”ဟူသောကလောင်အမည်ကို ယူကာ စာအုပ်စင်ကဏ္ဍတွင်ရေးခဲ့ ခြင်းဖြစ်၏။ ယင်းဆောင်းပါး(၃၂)ပုဒ်ကို စုစည်းကာ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်အဖြစ်ထုတ်ဝေ ခြင်းဖြစ်၏။

မြန်မာစာပေနယ်ပယ်၌“ဝေဖန်ရေးစာပေ”၏သက်တမ်းမှာ ကြာမြင့်လှခြင်းမရှိသေးပါ။ ကမ္ဘာ့စာပေဝေဖန်ရေး သက်တမ်းနှင့်နှိုင်းယှဉ်လျှင် နုနယ်လှသေး၏ဟုဆိုရပါမည်။ ထို့ကြောင့် ကျနော်တို့သည်“ဝေဖန်ရေး စာပေ” ဖန်တီးမှုအလုပ်ကိုအထူးပြုအားထုတ်ရန်လိုအပ်ပါသည်။ ယင်းနှင့်တပြိုင်နက်တည်းပင် “ဝေဖန်ရေး စာပေ နည်းနာကောင်းများ၊ နည်းနာသစ်များ”ကိုလည်း တပြိုင်နက်ရှာဖွေ၊ တီထွင်၊သုံးစွဲကြရမည် ဟုယုံကြည်မိ၏။

ဆရာကြီး“မင်းသုဝဏ်”သည်ကား သူ့ခေတ်က သူ့ပခုံးပေါ်တွင်တင်လာသည့် စာပေတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာ၌ “ဝေဖန်ရေးစာပေ”ကိုလည်းချန်မထားခဲ့ကြောင်းဤ “မြန်မာစာအုပ်ဝေဖန်ချက်များ“ စာအုပ် က အခိုင်အမာသက်သေထူလေ၏။ ။

ငြိမ်းဝေ (ဖေဖော်ဝါရီ ၁၀၊ ၂၀၀၉ - ဧရာဝတီဝက်ဘ်ဆိုက်)

Read more...

ဇီးရိုးဆမ်ဂိမ်းယဉ်ကျေးမှု

စာအုပ်အမည် ... ... ... ... ... ... ဂျက်လန်ဒန်၏၀တ္ထုတိုများ
မူရင်းစာရေးဆရာအမည် ... ... ဂျက်လန်ဒန်
ဘာသာပြန်သူအမည် ... ... ... နတ်နွယ်
ထုတ်ဝေသူ ... ... ... ... ... ... ... ဦးထွန်းလှိုင်(ချစ်စရာစာပေ)
စာမူခွင့်ပြုချက်အမှတ် ... ... ... ၁၄၄၆/၂၀၀၁ (၁၁)
ထုတ်ဝေခြင်း ... ... ... ပထမအကြိမ်(၂၀၀၂ခုနှစ်၊ ဇန်န၀ါရီလ)
အုပ်ရေ ... ... ... ... ... ... ... ... . ၁၀၀၀
တန်ဘိုး ... ... ... ... ... ... ... ... . ၂၅၀ ကျပ်

ရွှေစာရံမှ ပရိတ်သတ်
ကျနော့်ဇာတိက ကျိုက်ကော်-သိမ်ဆိပ်ဖြစ်သည်။ ကျိုက်ကော်-သိမ်ဆိပ်က တိုက်နယ်မြို့ငယ်လေးတစ်ခုသာဖြစ်သည်။ ကျနော့်ဇာတိမှ အရှေ့တောင်ဖက် ၁၂-မိုင်ခန့်အကွာတွင် ခရိုင်ရုံးစိုက်ရာ သထုံမြို့ရှိသည်။ သထုံနှင့်ကျိုက်ကော်က အိမ်ဦးနှင့်ကြမ်းပြင်ပင်…..။ ဆယ်မိနစ်တစ်ကြိမ်ကျ ထွက်သည့် ခရီးသည်တင်ကားများပြေးဆွဲ၏။ ဟိုစဉ်ကမူ သစ်သားကိုယ်ထည်နှင့် `ချက်ပလပ်´ ကားကြီးများ ……။
မြသပိတ်တောင်တန်းက သထုံအား အရှေ့တောင်အရပ်မှနေ၍ မြို့အား အနားသတ်ကာရံထားသည်။ ရွှေစာရံစေတီက သထုံမြို့၏ မြို့အလယ်တွင်ရှိ၏။ ရန်ကုန်-မုတ္တမကားလမ်းအား မေးတင်၍တည်ထားသည်။ ရွှေစာရံဘုးရာပွဲက နှစ်စဉ်တပေါင်းလ၌ ကျင်းပမြဲဖြစ်၏။ ရွှေစာရံဘုရားပွဲက ထိုဒေသတွင်မူ အစည်းကားဆုံး ဘုရားပွဲဟု့ ဆိုရမည်။ ခုနှစ်ရက် ခုနှစ်လီ ကျင်းပ၏။
ဘုရားပွဲတွင် ….. မြန်မာ့ရိုးရာလက်ဝှေ့ပွဲများအား ရုံသွင်း၍ ထိုးသတ်စေသည်။ ရုံဝင်ခက ကြီးမြှင့်သော်လည်း ကြိတ်ကြိတ်တိုးလျက်…..။ ပွဲကြည့်စင်များ ပြိုကျသည်လည်း ရှိ၏။ တခါတခါ ……ဗိုလ်လင်းထင်တို့က မြသပိတ်တောင်ပေါ်မှနေ၍ ပွဲခင်းအတွင်းသို့ လက်နက်ကြီးများနှင့် ပစ်သွင်းသည်လည်းရှိ၏။ ပွဲခင်းအတွင်းဝင်၍လက်ပစ်ဗုံးများနှင့် ပစ်သည်လည်းရှိ၏။
ဤသို့သော အခြေအနေများကြားမှပင် ရပ်နီးရပ်ဝေးမှသူတို့သည် လက်ဝှေ့ပွဲသို့လာကြ၏။ ကြည့်ရှုအားပေးကြ၏။
ထိုစဉ်က ….. လက်ဝှေ့ထိုးသတ်ပုံသည် ယခုကဲ့သို့ စိန်ခေါ်ပွဲများဟူ၍ မရှိ….။ အလံလုပွဲများဖြစ်သည်။ ပထမအလံ၊ ဒုတိယအလံ၊ တတိယအလံဟူ၍ အလံအဆင့်ဆင့် သတ်မှတ်ပြီး သူ့အဆင့်နှင့် သူ့ အတန်းအလိုက် ပါတ်လည်ထိုးသတ်ကြရ၏။
ထိုခေတ်က ပထမအလံလုသည့် အတန်းတွင် ရန်ကုန်အောင်ဒင်၊ ဖြူကြီး၊ ကိုကိုကြီး၊ ဘနှစ် ….၊ မိုးကြိုးတို့ ထိုးသတ်ကြ၏။ သူတို့တန်းတွင် `မိုးကြိုး´ က အသက်ငယ်သည်။ တတ်လူဖြစ်၏။ ကိုကိုကြီး၊ ဘနှစ်တို့က လေးဆယ်ဝန်းကျင်ရှိသည့်သူများ ….။
မိုးကြိုး၏ပတ်တံတောင်က ကြိုးဝိုင်းအတွင်း၌ တဖက်သူအား အလှဲသိပ့်စေသည်။ ပရိတ်သတ်က `မိုးကြိုး´ ….`မိုးကြိုး´ …
နိုင်သူအား သြဘာပေးကြ၏။

ဂျက်လန်ဒန်
ဂျက်လန်ဒန်အား ၁၈၇၆ခုနှစ်တွင် မွေးဖွားခဲ့၏။ သူ့ဖခင်က ဗေဒင်ဆရာဖြစ်သည်။ သူ ရှစ်လသားအရွယ်တွင်ပင် သူ့မိခင်နှင့် ဖခင်တို့ ကွဲကြ၏။ မိခင်က နောက်ယောက်ျားတစ်ဦးထပ်ယူလိုက်၏။ ဂျက်လန်ဒန်က သူ့မိခင်နှင့်ပါသွား၏။ လန်ဒန်မြို့အလုပ်သမားရပ်ကွက်တစ်ခုသို့ ရောက်၏။ ဤက ဂျက်လန်ဒန်၏ ဘ၀အစ စာမျက်နှာများဖြစ်သည်။
သူဆယ်နှစ်သားအရွယ်တွင် သတင်းစာပို့၏။ စည်သွပ်ဗူးစက်ရုံအလုပ်သမား၊ ပင်လယ်ဓားပြ၊ ရွှေတူးသူ၊ သင်္ဘောသား၊ ကြေးစားလက်ဝှေ့ထိုးသတ်သူ ….။ နောက်ဆုံး၌ …. စာရေးဆရာ ဖြစ်လာခဲ့၏။ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ရသစာတမ်၊ ဝေဖန်ရေးစာ၊ နိုင်ငံရေးဆောင်းပါးများ …..၊ စာအစုံရေးသူဖြစ်၏။
အသားအရောင်ခွဲခြားမှုအားကောင်းချိန်….. အမေရိကန်နိုင်ငံသား လူမဲဂျက်ဂျွန်ဆင်နှင့် လူဖြူ တော်မီဘန်းတို့ သြစတြေးလျတွင် ထိုးသတ်ကြ၏။ ထိုပွဲက ပထမဆုံးလူမဲလက်ဝှေ့သမားကြိုးဝိုင်းပေါ်တတ်ပြီး လူဖြူတစ်ဦးနှင့်ထိုးခွင့်ရသည့် ပွဲဖြစ်သည်။ လူဖြူ မရှုမလှ ရှုံးနိမ့်ခဲ့ရ၏။ ဂျက်လန်ဒန် ထိုပွဲသို့ သွားကြည့်၏။ ပြီးလျှင်….. အမေရိကန်သတင်းစာကြီး၌ ထိုလက်ဝှေ့ပွဲအကြောင်း ဆောင်းပါးရေး၏။ လှုပ်ဆော်မှုပါ၏။ မကြာမှီ အမေရိကန် တ၀ှမ်းလူဖြူ ၊လူမဲ အဓိကရုံးအကြီးအကျယ် ဖြစ်ခဲ့တော့၏။ သေကြေမှုများ…. သွေးထွက်သံယိုမှုများစွာနှင့် …..။
သူ့စာများမှ သူ့ဝါဒအားတွေ့ရ၏။ သူ့ဘ၀က သူ့စာများနှင့် ထွေးလုံးယှက်တင်…..။
ဆရာနတ်နွယ်မှ ဂျက်လန်ဒန်၏ ၀တ္ထုတိုလေးပုဒ်အား ဘာသာပြန်၍ `ဂျက်လန်ဒန်၏၀တ္ထုတိုများ´ အမည်နှင့်ထုတ်ဝေ၏။
အသားကလေးတစ်တုံး
အဘိုးအိုများဂိုဏ်း
မဟာကိရှ၏သား
သေအံ့မူးမူး….တို့ ဖြစ်၏။

အဟောင်းနှင့်အသစ်
`တွမ်ကင်း´ က ကြေးစားလက်ဝှေ့သမားဖြစ်၏။ တချိန်က …ပထမတန်းစားလက်ဝှေ့သမားထဲတွင် လျှမ်းလျှမ်းတောက်ကျော်ကြားသူ ….။ တဖက်သူအား ကြိုးဝိုင်းအတွင်း အလဲထိုးမည်။ အော်ဟစ်အားပေးသံများက ဘ၀ဂ်လျှံ၍….။ ပြီးလျှင် …. ဒိုင်လူကြီးက တွမ်ကင်း၏လက်အားမြှောက်၍ ` ကင်းနိုင်တယ်´ ဟူ၍ကြေညာမည်။ နောက်နေ့သတင်းစာများတွင် …. သူ့ဓါတ်ပုံနှင့် သူ့သတင်းပါလာမည်။ လူတွေက သူ့အား လက်ဆွဲနှုတ်ဆက်ကြမည်။ သူနှင့်စကားတစ်ခွန်းနှစ်ခွန်းပြောရဖို့ ကြိုးစားကြမည်။ ဒါက … သူခေတ်သူ့အခါ ….၊ တချိန်က ဖြစ်သည်။
ဂျက်လန်ဒန်သည် အသားကလေးတစ်တုံးဝတ္ထုအား လက်ဝှေ့ကြိုးဝိုင်းအတွင်း ထိုးသတ်သည့် လက်ဝှေ့ပွဲတစ်ခုကို ၀တ္ထုတိုအဖြစ် ရေးဖွဲ့ထား၏။ `တွမ်ကင်း´ က ဇာတ်ဆောင်ဖြစ်သည်။ ` တွမ်ကင်း´ နှင့် ယှဉ်ပြိုင်ထိုးသတ်သည့်သူက ` ဆန်ဒယ်´ ဖြစ်သည်။ သူတို့နှစ်ယောက် ကြိုးဝိုင်းအတွင်း ထိုးသတ်ကြခြင်းသည် ၀တ္ထု၏အဓိကအကြောင်းအရာဖြစ်သည်။ သို့သော်…..
သို့သော် ….ဟူ၍စကားထောက်ခံရမည်ဖြစ်သည်။ ဘာသာပြန်သည့်ဆရာနတ်နွယ်က စာအုပ်၏အရှေ့ပိုင်း၌ အမှာစာသဘောရေးထားသည့် `ဂျက်လန်ဒန်၏အရိပ်´ တွင် ရေးသားဖော်ပြထားသည်။
` သူရေးပုံက အားကောင်းသည်။ ပီပြင်သည်။ ပေါ်လွင်သည်။ သူ့စာက ရှင်းပြီး ခက်သည်´
`အသားကလေးတစ်တုံး´ ၀တ္ထုက ကြိုးဝိုင်းအတွင်း ထိုးသတ်ပွဲနှင့်ပင် ရပ်မနေ….။ ဖြန့်ကျက်တွေးစရာတွေပါ ….ပါ၏။
ယှဉ်ပြိုင်ထိုးသတ်မည့်ဇာတ်ကောင် နှစ်ယောက်အား ကွာခြားချက်များဖြင့် ဖန်တီးထား၏။ `တွမ်ကင်း´က တချိန်က ကျော်ကြားခဲ့သည့် လက်ဝှေ့သမား….သို့သော် ….ယခုတွင်အသက်က ၄၀-နီးပြီ။ လက်ဝှေ့ကြိုးဝိုင်းထဲဝင်၍ ယှဉ်ပြိုင်သင့်သည့်အရွယ်မဟုတ်….။ `ဆန်ဒယ်´က ပျိုမြစ်သည့် အသက် ၂၀-အရွယ် လူငယ်တစ်ဦး …..။`တွမ်ကင်း´တွင် အတွေ့အကြုံရှိ၏။ သို့သော်…. ပျိုမြစ်နုပျိုမှုက မရှိ။ `ဆန်ဒယ်´တွင်က နုနယ်ပျိုမြစ်၏အားမာန်ရှိ၏။ အတွေ့အကြုံက မရှိသေး….။ `တွမ်ကင်း´ သည် `အဟောင်း´အားကိုယ်စားပြုပြီး `ဆန်ဒယ်´က `အသစ်´ အား ကိုယ်စားပြုထား၏။ သို့သော် ….ကစားနည်းက အရှုံးအနိုင်ကစားနည်း….။ ကြိုးဝိုင်းထဲ၌ တွေ့ပေးထားခြင်း ……။
`ကြိုးဝိုင်းထဲသို့ ခုန်ဝင်လာပြီး ၄င်းတို့၏အာခံဖီဆန်မှုကို ဟစ်ကြွေးခဲ့ကြသည်။ အမြဲတမ်းလိုပင် လူဟောင်းများသည် သူတို့ရှေ့မှောက်တွင် လဲကျခဲ့ကြရသည်။ ၄င်းတို့သည် လူဟောင်းများ၏ ကိုယ်ခန္ဒာများကို နင်းပြီး အောင်မြင်မှုဆီသို့ တတ်လှမ်းသွားကြသည်။ သူတို့ တတ်လာကြသလို နောက်ထပ်လူငယ်များလည်း တတ်လာကြသည်။ အာသာမပြေနိုင်သော ၊မတားဆီးနိုင်သော လူငယ်များ၊ သူတို့သည် လူဟောင်းများကို မောင်းထုတ်ရင်း သူတို့ကိုယ်တိုင် လူဟောင်းများဖြစ်လာကြပြီး ထုံးစံအတိုင်း အဆင်းလမ်းသွားကြရပြန်သည်။ သူတို့နောက်မှာက ထာဝရဖြစ်သော လူငယ်များ ´
(စာမျက်နှာ ၁၈-မှ)

အရှုံးအနိုင်ယဉ်ကျေးမှု
ဂျက်လန်ဒန်၏ `အသားကလေးတစ်တုံး´သည် ကြိုးဝိုင်းအတွင်း ထိုးသတ်ပွဲအား ရေးဖွဲ့သော်လည်း ….လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ မြင်ရ၏။ လူသား၏ ရှင်သန်ရေးတိုက်ပွဲအားတွေ့ရ၏။ ကြိုးဝိုင်းက လူ့ဘ၀ဇာတ်ခုံတစ်ခုဖြစ်နေ၏။ ကြိုးဝိုင်းအတွင်း၌ တစ်ယောက်ကို တစ်ယောက် အသေအကြေထိုးသတ်ကြ၏။ ကြိုးဝိုင်းအတွင်း စည်းကမ်းဥပဒေနှင့်အညီ ….။ စည်းကမ်းချိုးဖောက်သူအား ပရိတ်သတ်က မနှစ်သက် …..၊ ရှုံ့ချ၏။ ဆဲ၏။ နိုင်သူအား ဆူညံစွာ သြဘာပေး၏။ ဂုဏ်ပြုကြ၏။ အမှတ်ဖြင့် အနိုင်အရှုံးပွဲများထက် ဒိုင်ပွဲရပ်ပွဲမျိုးအား ပရိတ်သတ်သည် ပို၍ နှစ်သက်ကြ၏။ ဤကား ….အကြွင်းမဲ့ အနိုင်အရှုံးအား ပရိတ်သတ်သည် နှစ်သက်သည့်သဘော…..။. စွဲမက်၏။ ယနေ့ထိ …. မပြောင်းလဲသေး….။ ယဉ်ကျေးမှု ဖြစ်၍နေဆဲ…..။
` လူဟူသည်…. တိုက်ခိုက်သတ်ပုတ်နေသော သတ္တ၀ါများ ၊ တိုက်ပွဲဝင်တိရစ္ဆာန်ကြီးများ၊ အင်နှင့်အားနှင့်ထိုးလိုက်ကြိတ်လိုက်၊ သတ်လိုက်ပုတ်လိုက်….၊ ကြိုးဝိုင်းထဲတွင် နာအောင်ထိုးသည်။ ကျိုးအောင်ထိုးသည်။ အသေအကြေထိုးသည်။ ကိုယ်က ကြိုးတန်းပေါ် ရောက်သွားလိုက်၊ ကိုယ့်ပြိုင်ဖက်ကို ကြိုးတန်းပေါ်ပို့လိုက်…..။ လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အလဲအကွဲ ထိုးကြသည်ကို လူအများက ငွေပေးပြီး ကြည့်ကြသည်။ ´
(စာမျက်နှာ ၁၃-မှ)

မင်းဟန်

Read more...

စာအုပ်စင်

ကံချွန်

ကိုတာ
 ကျော်လှိုင်ဦး
ကျော်ဝင်း
ကျော်ငြိမ်း
ကြည်အေး
ကြည်ကြည်မာ
ကြည်သာ
ချစ်နိုင်(စိတ်ပညာ)
ချစ်ဦးညို
ချစ်စံဝင်း
ဂျာနယ်ကျော်မမလေး
ဂျူး
(စာအုပ်များကို Shwesagar E-Books မှ ဖော်ပြပါသည်)

Read more...

Wednesday, March 4, 2009

ကွန်ပြူတာသင်တန်းဖွင့်လှစ်

မြန်မာအလုပ်သမားများအကြားတွင် နည်းပညာတတ်မြောက်စေရေး ရည်ရွယ်ချက်ဖြင့် အခြေခံကွန်ပြူတာသင်တန်း ဖွင့်လှစ် ခဲ့သည်။

မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီလ (၄) နေ့တွင် လောကမီးအိမ်စာကြည့်တိုက်(ဟုန်ဖိုင်) တွင် အခြေခံ ကွန်ပြူတာ သင်တန်းကို စာကြည့်တိုက်ဝိုင်းတော်သားများမှ ဦးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းသို့ ဟုန်ဖိုင်ရပ်ကွက်ရှိ စက်ရုံအသီးသီးမှ အမျိုးသား (၁၄) ဦးနှင့် အမျိုးးသမီး (၁၀) ဦး စုစုပေါင်း (၂၄) ဦး တက်ရောက်ကာ သင်ကြားလျှက်ရှိသည်။

သင်တန်းကြေးအဖြစ် တဦးလျှင် တလ (၇၀) ဘတ်နှုန်းစီ ကောက်ခံကာ စာကြည့်တိုက်ငှားရမ်းစရိတ်အား အသုံးပြု ထားသည်ဟု သိရသည်။

အဆိုပါသင်တန်းအတွက် လိုအပ်နေသည့် ကွန်ပြူတာစားပွဲ၊ ထိုင်ခုံနှင့် အခြားပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) တို့မှ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။

အဆိုပါ အခြေခံ ကွန်ပြူတာသင်တန်းအား အလုပ်သမားများ အားလပ်ရက်ဖြစ်သည့် စနေနှင့် တနင်္ဂနွေနေ့များတွင် ပြုလုပ်ပြီး သင်တန်းကာလမှ (၃) လတာဖြစ်၍ လာမည့် ဧပြီလ (၅) ရက်နေ့တွင် ပထမအကြိမ် ကွန်ပြူတာအခြေခံသင်တန်း ပြီးဆုံး မည်ဖြစ်ကြောင်း သိရှိရသည်။





Read more...

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP